မိသားစု ဆိုတာ...
တယောက်ရှေ့ရောက်ဖို့...
တယောက် နောက်ဆုပ်ရတယ်...
သစ်ကိုင်းတကိုင်း တိုးထွက်ဖို့...
သစ်ကိုင်း တကိုင်း အခုတ်ခံရတယ်..
မိသားစု သီချင်း ဟာ..အတက်အဆင်းရှိတယ်...
သံစုံ မြည်တယ်!
မိသားစု ဆိုတာ...
လူခြောက်ယောက် ရှိလည်း..ခြောက်ယောက်..
လက်ဆယ်ချောင်းရှိ လက်ဆယ်ချောင်း..
ခေတ်က တောင်းဆိုတဲ့ အတိုင်း လှုပ်ရှားရတယ်..
အိမ်ရှိ လူအကုန်...
လဲကျ သွားတဲ့ ငါ့အဖေ နေရာက..
ငါ့ညီလေး ဝင်ခဲ့တယ်..
ယိုင်နဲ့သွားတဲ့ ငါ့အမေရဲ့နေရာက
ငါ့ညီမလေး ဝင်ခဲ့တယ်..
မိသားစု ကို ငါမမြင်ဘူး...
ငါ့အတွေး အခေါ်က သားသမီး ဆိုတာ
သီးခြား ရှင်သန်ရတဲ့ ဘဝတခု
ငါက လမ်းပေါ်မှာ ကြီးပြင်းခဲ့လို့
လမ်းနဲ့ သွေးသားတော်စပ်တယ်လို့ ထင်တယ်...
ငါ့မိသားစုမှာ..ငါဟာ..မလင်းတဲ့မီး..
ငါ့မိသားစုမှာ.. ငါဟာ..မလုံခြုံတဲ့ ထရံ..
ငါ့ကြိုးကို တီးခတ်လိုက်တိုင်း..အသံကြောင် ထွက်တယ်..
ငါ့မိသားစုမှာ.. .
မိုးယို ပေါက်ကလေး တပေါက် ရှိနေတယ် ဆိုရင်လည်း..ငါပဲ ဖြစ်မှာ...
ငါ့မိသားစုမှာ.. .
ကြမ်းခင်းတပေါက် ကျိုးပဲ့နေတယ် ဆိုလည်း..ငါပဲ ဖြစ်မှာ..
မအောင်မြင်တဲ့ ဘောလုံး အသင်းဟာ...
ငါ့မိသားစုပဲ...
မဝင်တဲ့ ဂိုးတွေက ငါသွင်းခဲ့တာ...
စိုင်းဝင်းမြင့်
No comments:
Post a Comment